တောင်တွင်းကြီးမြို့နယ်တွင် မိုးနှမ်းများစတင်ရိတ်သိမ်း

တောင်တွင်းကြီး ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မေလဆန်းမှစကာ မိုးများရွာသွန်းခဲ့၍ တောင်သူများအနေဖြင့် မိုးနှမ်းများ စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်ကာလ မိုးရွာသွန်းမှုအနေဖြင့် ဇွန်လမှာ မိုးစတင်ရွာသွန်းခဲ့ပြီး ယခုနှစ်တွင် မေလဆန်းမှစကာ မိုးများစတင်ရွာသွန်းခဲ့သည့်အတွက် တောင်သူများအနေဖြင့်   ယခုနှစ်တွင် မေလကုန်အတွင်း နှမ်းများကြဲပတ် စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

“တောင်သူအများစုကတော့ စမုံနက်(ခေါ်)နှမ်းနက်၊ နှမ်းအဖြူများဖြစ်သည့် ခြုံကျော်၊ ရင်မနိုင်၊ ဇုန်တက်မျိုးများနှင့် နှမ်းအနီမျိုးများဖြစ်တဲ့ ခွေးလေးနီဆိုတဲ့ ရက်ပေါင်း(၆၀) နှမ်းမျိုးများကို စိုက်ပျိုးကြပါတယ်၊ အခု စတင်ရိတ်သိမ်းနေတာက ရက်ပေါင်း (၆၀) မျိုးပါ။ အထွက်နှုန်းကတော့ မိုးဦးမိုးမှာ မေလကုန်အထိသာ ရွာသွန်းပြီး ဇွန်လနဲ့ ဇူလိုင်လမှာတော့ မိုးရွာသွန်းမှု နည်းပါးတဲ့အတွက် မိုးနှမ်းအထွက်နှုန်းကတော့ ခန့်မှန်းသလောက် ရမယ်မထင်ပါဘူး၊ အခုလက်တလောမှာတော့ စမုံနက် (၁)တင်းကို (၇၄၀၀၀)ကျပ်၊ နှမ်းနီ(၁)တင်း (၆၀၀၀၀) ကျပ်၊ နှမ်းပြာ(၁) တင်း (၆၀၀၀၀)ကျပ်နဲ့ နှမ်းဖြူ (၁)တင်း (၇၀၀၀၀)ကျပ် ဈေးပေါက်နေပါတယ်” ဟု ရွာမနားကျေးရွာမှ တောင်သူ ဦးစိန်မောက်ထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးရန် လျာထားဧက (၉၉၃၉၅) ဧကရှိပြီး စိုက်ပျိုးခဲ့သည့်ဧက (၁၀၆၂၀၃) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက် (၆၈၀၈)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်