ကျောက်ဆည်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများ Software Program ဖြင့် ထည့်သွင်းနေမှုအား ကြည်ရှု

ကျောက်ဆည် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများ Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းနေမှုများကို ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြာင်းအရာများကို သိရှိလိုအပ်ခြင်းတို့အတွက် တိကျမှန်ကန်သော အထောက်အထားများ အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံရေးသွင်းရာတွင် အချိန်မီပြီးစီးရေးနှင့် တိကျမှန်ကန်စွာ စာရင်းရေးသွင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု ကျေးရွာပေါင်း(၂၂၃)ရွာရှိပြီး ဇူလိုင်လ(၁၈)ရက်နေ့မှစတင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် စာရင်းများစတင်ရေးသွင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)