ပြည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ မိုးနေကြာ လျာထားဧက(၁၆၀) စိုက်ပျိုးထားရှိ

ပြည် ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက်  ပြည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ မိုးနေကြာလျာထားဧက (၁၆၀) စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၎င်း ဆီထွက်သီးနှံမိုးနေကြာလျာထားဧက (၁၆၀)ကို ပြည်မြို့နယ်အတွင်း ကျေးရွာအုပ် ၁၅ အုပ်စု၌ တောင်သူများ၏ လယ်ယာမြေများတွင် သီးညှပ်စိုက်ပျိုးခြင်းအပါအဝင် သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြောင်းနှင့် စိုက်ခင်းများအား ပိုးမွှားများကင်းစင်ပြီး အထွက်နှုန်းကောင်းမွန် စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေးအပါအဝင် စနစ်တကျစိုက်ပျိုး‌ရေး နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။

ပြည်မြို့နယ်၌  တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်  ယခုနှစ်မိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် မိုးနေကြာ၊ မြေပဲနှင့် နှမ်း အစရှိသည့် ဆီထွက်သီးနှံများကို လျာထားချက်ပြည့်မီ ကျော်လွန်တိုးချဲ့စိုက်ပျိုးနိုင်ရန်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အပါအဝင် အခြားဌာနဆိုင်ရာများ ပူးပေါင်းကာ ကျေးရွာများ အရောက်ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာ ပေးသင်တန်းများနှင့် အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)