မိုးညိုမြို့နယ်၊ ရှားဖြူကုန်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်

မိုးညို ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လစဉ်ကျေးရွာများသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယမန်နေ့နေ့လည် ၁၂ နာရီက မြောက်လွတ်ကုန်းကျေးရွာအုပ်စု၊ ရှားဖြူကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ကျေးရွာနေရပ်မိရပ်ဖတစ်ဦးက မြို့နှင့်အလှမ်းဝေးသည့် မိမိတို့ကျေးရွာသို့ ယခုလိုလာရောက်ဆွေးနွေးပွဲ ပြုလုပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြို့နယ်မှတာဝန်ရှိသူများက မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် လာရောက်၍ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည့်အတွက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး နိုင်ကြောင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုနင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည်တို့ကို မေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

ထို့နောက်သီးနံများစိုက်ပျိုးသည့် တောင်သူများ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ ပြုလုပ်သုံးစွဲနိုင်သည့် ဇီဝရွက်ဖျန်းအား ဆေးပြုလုပ်နည်း၊ တမာရွက်ဖြင့် ပိုးသတ်ဆေး ပြုလုပ်နည်း၊ အပင်များကိုင်းကူး/ကိုင်းစပ်ပြုလုပ်နည်းနှင့် မြေချဉ်/ငံ တိုင်းတာခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)