ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရှိ ဝန်ထမ်းသားသမီးများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူ များအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူး သြဂုတ်

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရှိ  ဝန်ထမ်းသားသမီးများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးတင်ဦးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၏ သားသမီးများအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ယခုကဲ့သို့ ထူးချွန်ထက်မြက်အောင် ကြိုးစားနိုင်ခဲ့ခြင်းမှာ ဘဝရဲ့အခြေခံလှေကားထစ်တစ်ခုကို ဖြတ်ကျော်ဖို့ကြိုးစားခဲ့ခြင်းလည်းဖြစ်၍ ကြိုးစားမှုအပေါ် ဂုဏ်ပြုဆုချီးမြှင့်ရသည်မှာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ရှေ့ဆက်၍လည်း နောင်အနာဂတ်တွင် နိုင်ငံ့အကျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်၏ သားကောင်းရတနာ များဖြစ်စေရေး ကြိုးစားသွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းဖြေဆိုသူ (၆၆)ဦး အနက် အောင်မြင်သူ (၂၉)ဦးရှိပြီး (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၁၁)ဦး၊ ရိုးရိုးအောင်မြင်သူ (၁၄) ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးအသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)