ပဲခူး ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နေ့လည် ၁ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက “ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၏သားသမီးများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ယခုကဲ့သို့ ထူးချွန်ထက်မြက်အောင် ကြိုးစားနိုင်ခဲ့ခြင်းမှာ ဘဝရဲ့အခြေခံလှေကားထစ်တစ်ခုကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ခြင်းကြောင်း ကြိုးစားမှုအပေါ် ဂုဏ်ပြုဆုချီးမြှင့်ရသည်မှာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ရှေ့ဆက်၍လည်း နောင်အနာဂတ်တွင် နိုင်ငံ့အကျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်၏သားကောင်းရတနာများဖြစ်စေရေး ကြိုးစားသွားကြရန်လိုကြောင်း” စသည်ဖြင့် အမှာစကားပြောကြားပြီး (၆)ဘာသာနှင့် (၄)ဘာသာဂုဏ်ထူးရှင်တို့အား ဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်တို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ (၆၆)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၆)ဘာသာနှင့် (၄)ဘာသာဂုဏ်ထူးရှင်တစ်ဦးစီ၊ (၂)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ ရိုးရိုးအောင်မြင်သူ (၁၄)ဦး၊ စုစုပေါင်း (၂၉)ဦး အောင်မြင်ခဲ့ကြကြောင်း သိရသည်။
ဝဏ္ဏမောင်