ဝါးခယ်မ သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား အမှိုက်စွန့်ပစ်ရာတွင် စနစ်တကျရှိစေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က (၁)၊ အ.ထ.က(၂) ကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးအောင်စိုးတို့က စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ဝါးခယ်မမြို့နယ်အတွင်း Clean City၊ Green City၊ Smart City အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အမှိုက် အမျိုးအစားများ၊ အမှိုက်သိမ်းမှု စနစ်များ၊ စနစ်တကျ အမှိုက်စွန့်ပစ်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
"ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေအနေနဲ့ သတိမပြုမိတဲ့ အမှိုက်စွန့်ပစ်မှုကနေ မြို့၊ ရွာ သန့်ရှင်းသာယာရေးကို အနှောက်အယှက် ဖြစ်စေတယ်ဆိုတဲ့ အသိနဲ့ အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ပြီး စနစ်တကျရှိစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ စည်ပင်သာယာရေး အဖွဲ့အနေနဲ့ မြို့အင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပစေရေးကို အစဉ်တစိုက် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုနဲ့အတူ Clean City၊ Green City၊ Smart City အဖြစ် ဆက်လက်ပြီး ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ " ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးက ပြောသည်။
မြို့နယ် (ပြန်/ဆက်)