ပွင့်ဖြူ ဩဂုတ် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျေးရွာနေပြည်သူများ ရာသီအလိုက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်နှင့် လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကာ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၅၉၅ သန်းဖြင့် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင် အား လမ်းအကျယ် ၁၂ ပေ ၊ တစ်ပေနှင့် ၉ လက်မထု မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်း အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ဇွန်လ ၆ ရက်နေ့က စတင်၍ တင်ဒါအောင်မြင်သော မကွေးမြို့ ၊ Shwe Group ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ဖောက်လုပ်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ လုပ်ငန်းသတ်မှတ်ကာလဖြစ်သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ၊ ကျေးလက်ကုန်ထုတ်လမ်းအား ဒေသခံတောင်သူများ ရေရှည်အသုံးပြုနိုင်ရေး တင်ဒါပါလုပ်ငန်း အရည်အသွေးပြည့်မီစေရေး လမ်းအကျယ်နှင့် မြေသိပ်သည်းမှုတိုင်းတာခြင်းလုပ်ငန်း (CRB) စစ်ဆေးခြင်းများကို တာဝန်ခံအင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၄၆၅ အိမ်မှ လူဦးရေ ၂၂၅၈ ဦး၏ စိုက်ပျိုးလယ်မြေဧက ၃၅၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာ စိုက်ပျိုး လုပ်ကိုင်နိုင်မည်ဖြစ်ပြီး သီးနှံစိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)