(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲကျင်းပ

ကသာ ဩဂုတ်  ၁

(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကသာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “အောင်စေ ပိုင်စေ” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု အရှည်တည်တံ့ရေး၊ အစဉ်မြတ်နိုးထိန်းသိမ်းရေးအတွက် အဓိကကျသော အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာများ ပြန်လည်ထွန်းကားလာရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာတို့၏ အမျိုးဂုဏ် ဇာတိဂုဏ် ပြန်လည်ဖော်ထုတ်နိုင်ရေး၊ လူငယ်ထု၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းရေး၊ လူငယ်လူရွယ်များအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံး မျိုးချစ်စိတ်၊ ဇာတိမာန် ပြန်လည်ထွန်းကားရေးနှင့် တိုင်းတပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေးအတွက် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်းတို့ကို ပြောကြားသည်။

ထို့နောက် အခြေခံပညာ(၁၀-၁၅)အဆင့်၊ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အခြေခံပညာ(၁၅-၂၀)အဆင့်၊ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် ဝါသနာရှင်  (ဒုတိယတန်း) အဆင့် အကပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)တွင် ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊/ကျောင်းသူများ၊ အိမ်တွင်းမှု သင်တန်းကျောင်းမှ သင်တန်းသူလေးများ၊ ဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်