ကန်ပက်လက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကန်ပက်လက်  စက်တင်ဘာ  ၁၁

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာပေးမည့် အစီအမံများ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပေးမည့် အစီအမံများ၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်များနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းလေးထောင်ကျော်ရှိကြောင်း၊ မဲရုံစုစုပေါင်း (၈၀)ရုံရှိကြောင်း နှင့် ယင်းမဲရုံများတွင် ခန့်ထားမည့် မဲရုံဝန်ထမ်း စုစုပေါင်း (၈၂၆)ဦးခန့် ရှိမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။

ကိုလိန်း(ပြန်/ဆက်)