တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ရခိုင်ပြည်နယ်ကျန်းမာရေးဝန်ထမ်းမိသားစုဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းတက်ရောက်

စစ်တွေ   ဇူလိုင် ၃၁

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ရခိုင်ပြည်နယ်ကျန်းမာရေးဝန်ထမ်း မိသားစုဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ကျန်းမာရေးဝန်ထမ်းမိသားစုဝင် မောင်မယ်များအနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သဖြင့် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင် ယခင်၂၀၂၀ ပြည့်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၄၅၁၆၃ ဦးအနက် အောင်မြင်သူ ၁၂၃၁၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ယခု ၂၀၂၂ ခုနှစ်တွင် ဖြေဆိုသူ ၄၁၇၅၃ဦး တွင် ၁၉၇၂၉ ဦးအောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် အောင်မြင်သူအများဆုံးပြည်နယ်ဖြစ်ခဲ့ပါကြောင်း၊ ယခုကဲ့သိုအောင်မြင်ခဲ့ခြင်းသည်လည်း မိမိတို့ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကြောင့် ကျောင်းများပို မိုဖွင့်လှစ်နိုင်ပြီး ကျောင်းတက်ချိန်၊ စာသင်ချိန်ပို ပြီးရရှိခဲ့ခြင်း၏ အကျိုးကျေးဇူးကြောင့်ဖြစ်ကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အနေဖြင့် ဘာသာစုံဂုဏ်ထူးရရှိ သူ ၃၄ ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ ၉၆ ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ ၂၂၀ ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ ၁၀၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၉၉၀ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ ၁၁၆၀ ဦးရှိခဲ့ပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်းကိုကြည့်မည်ဆိုလျင်လည်း ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့်စံချိန်တင် မြင့်တက်သွားသည်ကိုတွေ့ရပြီး ဘာသာတွဲအလိုက် အမှတ်အများဆုံး(1 to 10) ရွေးချယ်ရာတွင်လည်း မိမိတို့ရခိုင်ပြည်နယ်မှ နှစ်ဦး ပါဝင်နေသည်ကို တွေ့ရ၍ များစွာဝမ်းမြောက်မိပါကြောင်း၊ ယခုရလာဒ်များသည် ရခိုင်ပြည်နယ်၏ တည်ငြိမ် အေးချမ်းမှုကြောင့် ပညာရေးတိုးတက်မြင့်မားလာသည်ကို ပြသနေခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ယနေ့ကျင်းပသည့် ပညာထူးချွန်သူများကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသည် ပညာရေးကို အားပေးမြှင့်တင်ခြင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်၍  ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူး ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ထိုနည်းတူ ဆုရကျောင်းသား၊ ကျောင်းသူမိဘဆွေမျိုးများနှင့် ပြည်နယ် ကျန်းမာရေးမိသားစုတစ်ခုလုံးကလည်း ဝမ်းသာပီတိဖြစ်နေကြမည်ဟုယုံကြည်ပါကြောင်း၊ ဆုရကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏မိသားစုဂုဏ်၊ ပညာသင်ကြားခဲ့သည့် ကျောင်းတော်ကြီး၏ဂုဏ်ကို ဆောင်နိုင်ခြင်းမှသည် မိမိဒေသဂုဏ်၊ မိမိနိုင်ငံတော်၏ဂုဏ်ကိုပါ ထွန်းလင်းပြောင်စေသည့် လူငယ်လူရွယ်များ၊ မိမိတိုင်းပြည်၊ မိမိလူမျိုးအကျိုးအတွက် အားထားရသည့် တန်ဖိုးရှိသော လူကောင်းလူတော်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်ကဂုဏ်ပြု ဆုချီးမြှင့်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်ကဘာသာစုံ ဂုဏ်ထူးရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာနှင့် တစ်ဘာသာဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ကြသည်။ ယင်းနောက် ထူးချွန်းဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဘာသာစုံဂုဏ်ထူး ရှင် မသီရိရွှေဇင်ထွန်းက  ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်ကျန်းမာရေးဝန်ထမ်းမိသားစုဝင်များမှထူးချွန်စွာ အောင်မြင်ခဲ့သူများမှာ ဘာသာစုံဂုဏ်ထူးရှင် ငါးဦး၊ ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် လေးဦး၊ သုံးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၄ ဦးဖြစ်ကြောင်းသိရသည်။

 တင်ထွန်း(ပြန်/ဆက်)