မြန်အောင် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးမြို့နယ်များနှင့်ထူးခွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အ.ထ.က(၁) ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြား သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး ပထမဆုရ ကြံခင်းမြို့နယ်နှင့်ဒုတိယဆုရ မြန်အောင်မြို့နယ်တို့နှင့် မြန်အောင်မြို့နယ် အ.ထ.ကသပြေကုန်းမှ မစု မြတ်နိုးနိုင်ငံတော်အဆင့် ဝိဇ္ဇာတွဲ အဆင့်(၄)၊ အင်္ဂပူ မြို့နယ် အ.ထ.က ကွင်းကောက်မှ မဆွေနှင်း လှိုင် နိုင်ငံတော်အဆင့် ဝိဇ္ဇာတွဲ အဆင့်(၈)၊ မြန်အောင်မြို့နယ် အ.ထ.က သခွတ်ကွင်းမှ မောင်ပြည်သိမ်းကျော် တိုင်းဒေသကြီးအဆင့် ဝိဇ္ဇာတွဲ အဆင့်(၃ ) ထူးချွန်ဆုရရှိတို့အား မြန်အောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်ကဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက် မြန်အောင်၊ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ (၆)ဘာသာ၊ (၅)ဘာသာ၊ (၄) ဘာသာဂုဏ်ထူး ရရှိသူများအား မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မြင့်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူး တင်မြိုင်၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်နှင့် မြို့နယ် ပညာရေးမှူးများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)