မောင်တော ဇူလိုင် ၃၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်း ကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ သွား ရောက်ကာ အဘိတ်ဆေးများခပ်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ အရန်သားဖွား ဆရာမများ၊ ကျန်းမာရေးလုပ်သားများ၊ INGOs ဝန်ထမ်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ် ဆေးများ ခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများခပ်ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါသွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေးလုပ်ငန်းများအား ဆက်လက်ကွင်းဆင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)