ရေနံချောင်း ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း နတ်ကန်ဦးကြိုးပြင်ကာကွယ်တောရှိ စံပြတမာ စိုက်ခင်း(၂၅) ဧကအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာ အကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်၍ အမြင့်သုံးပေနှင့်အထက်ရှိသော သက်တမ်းရင့် တမာသစ်မျိုး ၁၅၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပွဲတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဒေသသစ်မျိုးဖြစ်သည့် တမာပင်များ တိုးမြှင့်စိုက်ပျိုးခြင်း လုပ်ငန်းကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး အတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို လျော့ချနိုင်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြည်လည် ကောင်းမွန်လာစေခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း တမာပင်စိုက်ပျိုးခြင်းအနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ချောက်မြို့နယ် ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းတွင် တမာပင်(၁၀၄၄၁၈၄)ပင် နှင့် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းတွင် တမာပင် (၁၄၀၀၀)ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီး ဌာနအနေဖြင့်လည်း တမာပျိုးပင်ပေါင်း(၃၅၆၀၀)ပင် ပျိုးထောင်ထားပြီး (၁၉၀၆၆)ပင်ကို တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးခဲ့ပြီး ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီးအနေဖြင့် တမာပင် စုစုပေါင်း(၁၀၇၇၂၅၀)ပင် စိုက်ပျိုးပြီးကြောင်း၊ မကွေးတိုင်းဒေသကြီးရဲ့ စံပြတမာစိုက်ခင်း ဧက ၁၀၀ တွင် ပျိုးပင်ပေါင်း ၄၃၅၀၀ ပင်ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တာဝန်ယူကာ ရေနံချောင်းမြို့နယ် ယခုသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပသည့်နေရာတွင် တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ ယခုနှစ်မိုးရာသီ တွင် ၂၅ ဧကနှင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ၇၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တမာပင်များ ပျိုးထောင်ပြီး မကွေးခရိုင်အတွင်း သက်ဆိုင်ရာဌာန လမ်းပိုင်းအလိုက် စိုက်ပျိုးနိုင်ရေးအတွက် ကိုလည်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ယခုနှစ်မိုးရာ သီတွင် တမာပျိုးပင် ၅ သိန်း၊ ၂၀၂၄ ခုနှစ် မိုးရာသီတွင် တမာပျိုးပင် ၅ သိန်းကို ပျိုးထောင် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တမာပင်များ စိုက်ပျိုးရခြင်းမှာ သဘာဝမြေသြဇာများ ပေါများစွာရရှိပြီး လယ်ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အထောက်အကူပြု စေဖို့၊ သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ဖို့ ဓာတုမြေသြဇာ/ ပိုးသတ်ဆေး အသုံးပြုမှု လျော့ကျစေခြင်းဖြင့် သက်ရှိသတ္တဝါများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေအပြင် တိုင်းဒေသကြီးအတွင်း သစ်တောဖို့းလွှမ်းမှု တိုးတက် ကောင်းမွန် ပြီး ဂေဟစနစ်နှင့် ရာသီတု မှန်ကန်မျှတစေရေးကို အထောက်အပံ့ရရှိစေမှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးမှာ တမာပင်များကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ပြီး တမာပင်များကို စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းဆောင်ရွက်မှုသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူတို့အတွက် အကျိုးပြုသည်သာမက ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်တာ ဆီးရာမှာ အထောက်အပံ့ဖြစ်စေသည့်အတွက် ယနေ့သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်များနှင့် ဒေသခံပြည်သူများအားလုံး ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်ကြပါရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က စိုက်ပျိုးမည့် တမာပျိုးပင်များအား ဖြန့်ဝေပေးအပ်ရာ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က လက်ခံရယူကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ဝန်ထမ်းများက စံပြတမာစိုက်ခင်း ၂၅ ဧကတွင် အမြင့်သုံးပေနှင့် အထက်ရှိသော သက်တမ်းရင့် တမာသစ်မျိုး ၁၅၀၀ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးမှုအခြေအနေအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု့အားပေးခဲ့သည်။
ယင်းနောက် ရှင်းလင်းဆောင်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တိုင်းဒေ သကြီးဦးစီးမှူး ဦးဇော်ဝင်းက စံပြတမာစိုက်ခင်း(၁၀၀)ဧက လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ လုပ်ငန်းလိုအပ်ချက်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်