၂၀၂၂ ခုနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက်(၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်  ဇူလိုင် ၃၀

၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ်အနေဖြင့် လွိုင်ကော်မြို့နယ်အသင်းနှင့် မယ်စဲ့မြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးကြသည်။

ထို့နောက်လွိုင်ကော်မြို့နယ်အသင်းနှင့် မယ်စဲ့မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လွိုင်ကော်မြို့နယ်အသင်းက  မယ်စဲ့မြို့နယ်အသင်းအား (၉ ဂိုး - ၆ ဂိုး )ဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အစီအစဉ်အား ဆက်လက်ကျင်းပရာ မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအတွက်  ဂုဏ်ပြုငွေများအား ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက လည်းကောင်း ၊ ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု ၊ ဂိုးသမား အကောင်းဆုံးဆု ၊ အကောင်းဆုံးကစားသမားဆု ရရှိကြသည့် အားကစားသမားများအား ငွေသားဆု နှင့် Trophy တို့ကို ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး ကလည်းကောင်း ၊ ပူးတွဲ တတိယဆုရရှိသည့် လူမူရေးရာဝန်ကြီးအသင်း နှင့် ဘောလခဲမြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုတို့ကို ကယားပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက လည်းကောင်း၊ ဒုတိယဆုရရှိသော  မယ်စဲ့မြို့နယ်အသင်း အားငွေသားဆု နှင့် ဆုတံဆိပ်များကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြတ်မင်းမိုးက လည်းကောင်း  အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လွိုင်ကော်မြို့နယ် အသင်းအား တစ်ဉီးချင်း ဆုတံဆိပ် ၊ ငွေသားဆု နှင့် တံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၂ ခုနှစ် ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅) နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ( ၁၂ )သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပြည်နယ်အားကစားကွင်းအတွင်း တည်ဆောက်ထားရှိသည့် အားကစားရုံ၊ အားကစားကွင်း၊ ပွဲကြည့်စင်များအား ကြည့်ရှု စစ်ဆေးပြီး လေ့ကျင့်ရေးအတွက် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည် လုပ်ငန်းများနှင့် စဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်သွားရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည် ။

ပြည်နယ်(ပြန်/ဆက်)