ကော့ကရိတ်ခရိုင်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

ကော့ကရိတ်၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့် တိုက်သည် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးထိန်းချုပ်ရေးအတွက် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်း မှစ၍ ပြည်သူ့စာကြည့်တိုက်စာအုပ်စာစောင်ငှားရမ်းခြင်းကို ခေတ္တပိတ်ထားကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်ကိုခေတ္တပိတ်ထားသော်လည်း ပြည်သူများအတွက် ကော့ကရိတ်မြို့ ပြည်သူ့စာကြည့်တိုက် Page မှ Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူဖြင့်အရုပ်ခေါက်ပြခြင်း၊ စာပေချစ်မိဘပြည်သူများအတွက် စာအုပ်စာစောင်များမိတ်ဆက်ပေးခြင်းအစီအစဉ်တို့ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများအတွက် Onlineမှ တစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရေး၊ ကလေးငယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရေးနှင့် အပြောစွမ်းရည်များ ပိုမိုတိုးတက်ရစေရေးအတွက်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။

ဇာခြည်ဝင်း(ခရိုင်/ပြန်ဆက်)