တနင်္သာရီ၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဒေသခံပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ပဝကျေးရွာအုပ်စုအတွင်းရှိ ပဝဝါသရွာ၊ ပဝချောင်းထဲရွာ၊ ပဝရွာမနှင့်ပဝကျွန်းရှည်ကျေးရွာတို့သို့ တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိ ပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးကျော်ဆန်းနှင့်ဝန်ထမ်းများက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ထုတ်ပြန်ချက်များနှင့် မြေပြိုဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေဒေသခံပြည်သူများက ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာနိုင်စေရန်ရည်ရွယ်ကာ ကျေးရွာအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လှည်၍ အသံချဲ့စက်ဖြင့် နှိုးဆော်ကြေညာပေးခြင်း၊ အသိ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခြင်း၊ လက်ကမ်းစာစောင်ပါအချက် အလက်များအားရှင်းလင်းပေးခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာများကိုလည်း ကျေးရွာအတွင်း လူစည်ကားရာလမ်းဆုံနေရာများ၊ လက်ဖက်ရည်ဆိုင်များ၌ ကပ်ထားကြေညာပေးခြင်း စသဖြင့် အသိပညာပေးလုပ်ငန်းကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)