နတ်တလင်း ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြှင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ချောင်းကမ်းကြီးကျေးရွာအုပ်စုနှင့်လယ်မအင်းကျေးရွာအုပ်စုသို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက သိရှိလိုသည်တို့ကိုမေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကုန်ကျစရိတ်သက်သာပြီး ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုင်းကူး/ကိုင်းစပ်ပြုလုပ်နည်းများ လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး