ဂွ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သတိထား ဆောင်ရွက်နိုင်စေရေး၊ ဌာနပိုင်မြေများ အမည်ပေါက်ရရှိရေး၊ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ပြည်သူများအား ယမန်နေ့က Covidshield ကာကွယ်ဆေး Booster Does အောင်မြင်စွာ ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းနှင့် ဆက်လက်၍ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု တတိယအကြိမ် (၆)လပြည့်ပြီးသူများသည် စတုတ္ထ အကြိမ်မြောက် ကာကွယ်ဆေးထိုးနှံမှုကို ဆက်လက် ထိုးနှံဆောင်ရွက်ကြနိုင်စေရေး၊ ပန်းခင်းစီမံချက် (ဒုတိယအကြိမ်) ဆောင်ရွက်နိုင်မှုကို သြဂုတ်လပထမပတ်မှ စတင်ကာ တစ်နိုင်ငံလုံး ဆောင်ရွက်သွားရန်ရှိသဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူလျက်ရှိသော အခွန်(၄)မျိုးအား ရာနှုန်းပြည့် စည်းကြပ်ကောက်ခံနိုင်ရေးနှင့် အခွန်ထမ်းဆောင်မည့်သူသည် သက်ဆိုင်ရာ ရပ်/ကျေးစာရေးများနှင့် ပူးပေါင်းပြီး အခွန်များ ပေးသွင်းကြစေရေး၊ ယခုကာလအတွင်း မြို့နယ်အတွင်းရှိ မိုးလွန်မိုးခေါင်ပြီး စိုက်ပျိုးမည့် ရေလိုအပ်ချက်ရှိသည့် စပါးစိုက်ဧရိယာများကို ရေတင်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေး၊ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများ ဆေးဝယ်ယူမှု အခက်အခဲမရှိစေရေးနှင့် ဆေးများစျေးနှုန်းကြီးမြင့် ရောင်းချမှုမရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ပိုင် မြေယာ အရောင်းအဝယ်ပြုလုပ်ရာတွင် လူမျိုးခြားများအား ရောင်းချခြင်းမပြုစေရေးတို့အား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူး ဟန်မွှေးက ဂွမြို့နယ်အနေဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး မျိုးဇေယျာက မြို့နယ်အတွင်း နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ခိုးဝှက်မှုများ ပပျောက်စေရေး၊ တရားမဝင် ခိုးဝင်သူများ မရှိစေရေး၊ လက်ရှိ တည်ငြိမ်အေးချမ်းသာယာမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် နိုင်စေရေးတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်