မင်းဘူး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင် စေရန်အတွက် ရေးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်း များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာ ဧရာဝတီ မြစ်ကမ်းဘေး၌ ဆောင်ရွက်ခဲ့ရာ အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ စလင်းမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့အစည်းများ၊ သနပ်ကုန်းကျေးရွာမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စလင်းမြို့နယ်အတွင်း မိုးတွင်းကာလ ဧရာဝတီမြစ်ရေ မြင့်တက်လာ မှုနှင့်အတူ ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီ ကူဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္တေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စက်လှေ (၂)စီး၊ လူနာ တင်ယာဉ်တစ်စီးတို့ဖြင့် ဧရာဝတီမြစ်အတွင်း ရေပြင် ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှေးဦးသူနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျ ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အသိပညာပေးခြင်းများကို သရုပ်ပြဇတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
ရေးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက “စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူ များအနေဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရေကြီးရေလျှံခြင်းများနှင့်အတူ ကမ်းပြိုဘေးများ ကြုံတွေရပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး၊ ဘေးအန္တရာယ် အမျိုးအစားအလိုက် အရေးပေါ် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရေး၊ ဇတ်တိုက်လေ့ကျင့်ခြင်းသည် သဘာဝဘေးအန္တရာယ်များနှင့် အမှန်တကယ် ရင်ဆိုင်ကြုံတွေ့လာချိန်တွင် ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ယခုလို အသိပညာပေး လေ့ကျင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
စလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာအုပ်စု (၅)စု၌ သနပ်ကုန်းကျေးရွာအပါအဝင် ကျေးရွာပေါင်း (၉)ရွာမှ အိမ်ထောင်စုပေါင်း (၉၃)စု၊ လူဦးရေပေါင်း (၃၅၀)ကျော်အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ပြီး အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေအဖြစ် ငွေကျပ် သိန်း(၁၀၀)ကျော်ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)