မအီ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြည်တွင်း/ပြည်ပသာသနာပြု ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒ မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သား၊ သမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၌ တည်ထားကိုးကွယ်မည့် လေးမျက်နှာဘုရား အောက်ဌာပနာ ထည့်သွင်းပူဇော်ပွဲနှင့် နဂါးရုံဘုရား အထက်ဌာပနာပိတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၇)နာရီ(၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြောက်ဦးဆရာတော်ကြီးမှူးသည့် ဆရာတော် သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး ရောက်ရှိလာကြသည့် ရဟန်းရှင်လူပြည်သူများက ဌာပနာတိုက်အတွင်းသို့ ဗုဒ္ဓဆင်းတုတော်များကို ထည့်သွင်း ဌာပနာပူဇော်ခဲ့ကြသည်။ ဖော်ပြပါ လေးမျက်နှာဘုရား၏ အလယ်ပစ္စယံတွင် ဗုဒ္ဓရုပ်ပွားတော်လေးဆူကို အရပ်လေးမျက်နှာသို့ မျက်နှာမူ၍ ထွင်းထု ပူဇော်ပါရှိမည်ဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၄၅ ပေဖြစ်ကြောင်း၊ ဘုရားတည်ထား ကိုးကွယ်ခြင်းကို သုံးလခန့်အကြာတွင် အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်၍ ရဟန်းရှင်လူ ပြည်သူအပေါင်း ကိုးကွယ်ဆည်းကပ် ဖူးမြှော်ရတော့မည်ဖြစ်ကြောင်း သိရသည်။
မအီမြို့တွင် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မာရ်ငါးပါးစေတီတော်များ ထီးတော်တင် ပူဇော်ခြင်း၊ ဓာတ်တော်စေတီများ ဌာပနာပူဇော်ခြင်းနှင့် အနေကဇာတင် ပူဇော်များကို ကဆုန်လဆန်းပိုင်းမှ စတင်၍ မအီမြို့ပတ်လည်ခြံရံလျက် တည်ထားကိုးကွယ် ပူဇော်လာခဲ့ရာ ယနေ့ လေးမျက်နှာဘုရား အောက်ဌာပနာ ထည့်သွင်းပူဇော်ခြင်းနှင့် နဂါးရုံဘုရား အထက်ဌာပနာပိတ် ပူဇော်ခြင်းများကို ထပ်မံပူဇော်ခြင်းဖြစ်ပြီး အဆိုပါ ဌာပနာပိတ်အခမ်းအနားသို့ မြောက်ဦးဆရာတော်ဘုရားကြီးကိုယ်တော်တိုင် တက်ရောက် ပူဇော်ဌာပနာ၍ ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ မအီမြို့ပေါ် ပြည်သူများနှင့် ပတ်ဝန်းကျင် ရပ်နီးရပ်ဝေးကျေးရွာများမှ ရဟန်းရှင်လူပြည်သူများ စည်ကားသိုက်မြိုက်စွာ ရောက်ရှိခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)