တောင်တွင်းကြီး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က တောင်တွင်းကြီးမြို့နယ် တရုတ်ကော ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်ဘဏ်မန်နေဂျာထံမှ သိရသည်။
ထိုသို့ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးစိုးတင့်က ချေးငွေများ မထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့် ကာလတွင် အချိန်မီပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများအဖွဲ့က တရုတ်ကောကျေးရွာအုပ်စုမှ ဒေသခံတောင်သူ(၁၄၄)ဦးတို့ကို မိုးစပါးနှင့် အခြားသီးနှံ စိုက်ဧကများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် (၉၀၇) သိန်းအား တောင်သူများလက်ဝယ်အရောက် စနစ်တကျထုတ်ချေး ဆောင်ရွက်ပေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၇၅) အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်သည့် ဒေသခံတောင်သူများကို မေလတတိယပတ်ကစတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ယနေ့အထိစိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်ခဲ့သည့် ကျေးရွာအုပ်စု(၃၂)စုမှ တောင်သူများအား ငွေကျပ် (၂၇၆၄၁ ဒဿမ ၅၀) သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ထုတ်ချေးပေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံ တောင်သူများကိုလည်း ချေးငွေပြေကြေစွာ ပေးဆပ်မှုအပေါ်မူတည်ပြီး ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစိုးတင့်ထံမှ သိရသည်။
နိုင်၀င်း