ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရုံးနှင့်​ကျောင်းပတ်ဝန်းကျင်ရှိ ရေဝပ်နေရာများ၊ ချုံနွယ်အမှိုက်များ ကင်းစင်ရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဉ်ဆောင်ရွက်သွားရန်၊ ရောဂါဖြစ်ပွား ရာ ပတ်ဝန်းကျင်အား ခြင်ဆေး မှုတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်းရှိ ပြည်သူများ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးစီးရေး စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်၊ မိုးစပါးနှင့် နွေစပါးစိုက်ဧကပြည့်မီရေးနှင့် ရိုးပြတ်ကျန်လယ်ယာမြေများမရှိစေရေး ဆောင်ရွက် သွားရန်၊ စပါး အထွက်နှုန်းတိုးတက်ရေး နည်းပညာများ ဖြန့်ဝေပေးသွားရန်၊ လယ်ယာမြေများ ရေကြီးနှစ်မြှပ်မှု မရှိစေရေး ဆောင်ရွက်ထားရှိရန်၊ တောင်သူများက တင်ပြလာသော အခက်အခဲ များအား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေ အေးချမ်းသာယာရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းက ဆောင်းစပါးနှင့် ဆောင်းနေကြာ သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်မရှိစေရေး ထောက်ပံ့ပေးသွားမည့် အခြေ အနေများကို ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများ ကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း