ဇီးကုန်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခြင်း အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ပပဝင်းက အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားရာတွင် အသက်(၈၅)နှစ် ပြည့်ပြီးသော/ပြည့်ခါနီးသော ဘိုးဘွားများ လျောက်ထား နိုင်ကြောင်း၊ လျောက်ထားရာတွင် လိုအပ်သည့် အထောက်အထားနှင့် အချက်အလက်များကို အသေးစိတ်ရှင်းလင်းပြောကြား၍ လျောက်ထားရာတွင်လည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် လျောက်ထားနိုင်ကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဖွား (၆၀၀) ဦးအား နိုင်ငံတော်မှလူမှုရေး ပင်စင်ထောက်ပံ့ပေးလျက်ရှိပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ များမှ အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)