အစိုးရ စက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၊ အလုပ်ရုံခန်းမ ၌ ယမန်နေ့ နေ့လယ် (၃)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် မေဂျာပေါင်းစုံမောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်း အနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာ တွင်ယခု အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်များနှင့် မေဂျာအသစ်ဖြစ်သည့် စက်မှုလယ်ယာ နည်းပညာ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ၊ နည်းပညာနှင့် သက်မွေး ပညာကဏ္ဍများအတွက် အနာဂတ်၏ အင်ဂျင်နီယာ လောင်းများ မွေးထုတ်ပေးနေ ခြင်းဖြစ်သဖြင့် နိုင်ငံတော် အတွက် အားကိုးအားထားပြုနိုင်သည့် သားကောင်းသမီးကောင်း၊ နည်းပညာရှင် ကောင်းများ ဖြစ်အောင် ကြိုးစားကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရစက်မှု လက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်ဟိန်းလတ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများက အကအလှ အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဧည့်သည်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ရီရီမြင့်