ဖျာပုံ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အမှတ်(၁၉) ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး အမှိုက်အကြောင်း သိကောင်းစရာများ၊ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး ဟောပြောရာတွင် ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့အသုံးပြုပြီးသော အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်ကြစေရန်နှင့် ကျောင်းပတ်ဝန်းကျင် အမှိုက်များကိုလည်း စနစ်တကျ ရှင်းလင်း ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ရာရောက်ကြောင်း၊ အသိ ပညာပေး ဆွေးနွေးပြောကြားပြီး ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာန ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာက မိုးရာသီတွင် ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးရောဂါအကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ဝေသော ပြည်သူ များ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေး အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)အား ကျောင်းသား၊ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)