သာယာဝတီမြို့ ကျောင်းစုရပ်ကွက်၊ ကျောင်းစုလမ်း ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းပြီးစီး

သာယာဝတီ ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၄၄၃၀၀၀၀၀/-) ဖြင့် ကျောင်းစုရပ်ကွက်၊ ကျောင်းစုလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် (၉၅၅) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၈) လက်မရှိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးပြီဖြစ်ရာ ယခင်ဒေသနေပြည်သူများ နွေရာသီကာလတွင်သာ သွားလာရေးအဆင်ပြေပြီး မိုးဦးကာလရောက်လျှင် ရေများ စီးဆင်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်လျက်ရှိရာ ယခင်​ကျောက်ချောလမ်းကို ယခုကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊  လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူမည့်အပြင် ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည် ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)