ပေါက်ခေါင်းမြို့၌ အလှကုန်ပစ္စည်း‌ ရောင်းချသည့်ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်

ပေါက်ခေါင်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့က ပေါက်ခေါင်းမြို့‌‌တွင်း၊ ရပ်ကွက်များရှိ အလှကုန်နှင့် စတိုးဆိုင်များ ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် သတ်မှတ်ကုန် အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များသည် မြို့တွင်းနှင့် ရပ်ကွက်ရှိ အလှကုန်နှင့် စတိုးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော ရေမွှေး၊ Top Country ပေါင်ဒါနှင့် Mistine အလှကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားများနှင့် လိုဂိုရောင်ပြန်တံဆိပ်များ ရိုက်နှိပ်ထားခြင်း ရှိ/မရှိ၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချရန်တို့ကို ဈေးဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)