မုဒုံ ဇူလိုင် ၂၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ Economic Relife Plan (CERP)အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ကို ယမန်နေ့က ကျေးရွာနှစ်ရွာတွင် စီမံကိန်းရန်ပုံငွေများကို တတိယအကြိမ် ထုတ်ချေးပေးခဲ့သည်။
ထိုသို့ ထုတ်ချေးပေးရာတွင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ကြီးကြပ်၍ ဝန်ထမ်းများနှင့် ကျေးရွာစီမံကိန်း အဖွဲ့ဝင်များမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် တောင်ပကျေးရွာတွင် အသင်းသား (၅၄)ဦးအား ချေးငွေပမာဏ (၃၁ ဒသမ ၁) ကျပ်သန်းကိုလည်ကောင်း၊ ရောင်းဒေါင်းကျေးရွာတွင် အသင်းသား(၇၈)ဦးအား ချေးငွေပမာဏ (၃၁ ဒသမ ၇) ကျပ်သန်းကိုလည်ကောင်း ကျေးရွာနေ ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထုတ်ချေးပေးခဲ့သည်။
မုဒုံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုနိုင်ရေး၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရေး၊ ရရှိသော ငွေကြေးအရင်းအနှီးများဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေး၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြတ်ရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်အတွက် (VRFP) စီမံကိန်းဝင် သာယာကုန်ကျေးရွာ၊ ကွေ့ဝမ်းကျေးရွာ၊ ကော့ခပုံ(ရွာသစ်)ကျေးရွာ၊ ကွမ်တာ(ရွာဟောင်း) ကျေးရွာ ခြောက်ရွာအား စီမံကိန်းရန်ပုံငွေ စုစုပေါင်း (၁၈၉ ဒသမ ၉)ကျပ်သန်းကို ထုတ်ချေးပြီးစီးပြီးဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သားငယ် (မုဒုံ)