ရေနံချောင်းတက္ကသိုလ်၌ ဘာသာရပ်အလိုက် အမျိုးသား/အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲနှင့် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ရေနံချောင်း ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားနှင့် ဘာသာရပ်အလိုက် အမျိုးသား/အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ဘာသာရပ်အလိုက် စစ်တုရင်အားကစား အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် စစ်တုရင်အားကစား အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို အရှေ့တိုင်းပညာပါမောက္ခ(ဌာနမှူး) ဒေါက်တာ နှင်းနွယ်အောင်က လည်းကောင်း၊ စားပွဲတင်တင်းနစ်အားကစား အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ရေနံချောင်းတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်ဒေါက်တာယဉ်ယဉ်အေးက လည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဒဿနိကဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာငြိမ်းမြင့်က လည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုဧည့်ခံကျွေးမွေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရေနံချောင်းတက္ကသိုလ် သင်ကြား/စီမံဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)