ဇလွန် ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် မိုးစပါးသက်လျင်စပါးမျိုးအား (Drum Seeder) အစေ့ချစိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားကို မေရီလန်းကျေးရွာအုပ်စု တောင်သူ ဦးဖိုးချို၏ ကွင်းအမှတ် (၁၈၄၂/ခ) ၂၀/၁၀ လယ်မြေ (၃) ဧကတွင် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါး သက်လျင်စပါးမျိုးအား (Drum Seeder) အစေ့ချစိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများမှာ ကြဲခင်းထက် မျိုးစေ့နှုန်းထား လျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန် မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိနိုင်ခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒါဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပေါင်းမြက်နှိမ်နင်းရလွယ်ကူပြီး ပျိုးထောင်စိုက်ပျိုးခြင်းစနစ်ထက် စိုက်ပျိုးစရိတ်နှင့်လုပ်အားခ ပိုမိုသက်သာကြောင်း ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မိုးစပါးထွန်တုံးပိတ် စိုက်ပျိုးနေမှုအား ကြည့်ရူ့အားပေးခဲ့ကြပြီး ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးဧက ၇၂၃၇၂ လျာထားစိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်နှင့် တာဝန်ရှိသူများ၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)