ဖားဆောင်း ဇူလိုင် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဝမ်အောင်း-ချိကွဲ့-စောင်းလော့လမ်းပေါ်ရှိ ပွန်ချောင်းတံတား(ဖားဆောင်း)တည်ဆောက်နေမှုအား ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ခန်မှန်းတန်ဖိုး ကျပ်(၁၄၀၀)သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူ ဆောင်ရွက်နေသည့် ဝမ်အောင်း-ချိကွဲ့-စောင်းလော့လမ်းပေါ်ရှိ ပွန်ချောင်းတံတား(ဖားဆောင်း) တံတားအရှည်(၄၀၀)ပေ၊ တံတားအကျယ်(၁၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၁)ပေရှိ သံကူကွန်ကရစ် တံတား ဆောက်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ရာ တံတားတည်ဆောက်ရေးအဖွဲ့မှ လုပ်ငန်းခွင်အင်ဂျင်နီယာ(ဦးစီးအရာရှိ)ဦးမြင့်သူက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားပြီးစီးပါက ဝမ်အောင်းကျေးရွာ၊ ချိကွဲ့ကျေးရွာနှင့် စောင်းလော့ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် တံတားတည်ဆောက်နေမှုမှာ(၈၃)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့မှ လုပ်ငန်းခွင်အင်ဂျင်နီယာထံမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)