မင်းတပ်မြို့၌ ခရိုင်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မင်းတပ်  စက်တင်ဘာ  ၁၀

မင်းတပ်မြို့၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဉက္ကဋ္ဌ ဦးဇော်မိုးထိုက က ပြည်တွင်းကူးစက်မှု မြင့်မားနေစဉ် ကာလအတွင်း မင်းတပ်ခရိုင်အတွင်းသို့ Stay at Home သတ်မှတ်ထားသော တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဝင်ရောက်လာသော ခရီးသွားများကို ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်စစ်ဆေးရေး ဂိတ်များတွင် ပိုမိုကြပ်မတ်စိစစ် ဆောင်ရွက်နိုင်ရေး၊ Facility Quarantine နေရာများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး၊ ဌာနဆိုင်ရာများ အနေဖြင့် သင်တန်းများဖွင့်လှစ်မှုကို ဆိုင်းငံ့ထားနိုင်ရေး၊ မြို့နယ်များအတွင်း တစ်နေ့သုံးကြိမ် မပျက်မကွက် လှည့်လည်ဆော်သြစေရေး၊ မြို့နယ်များတွင် ကိုဗစ်-၁၉ကာလ အရေးပေါ်ရန်ပုံငွေ ရှာဖွေရေး၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြသူများအတွက် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ဒေသတွင်းပြည်သူများ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ပေါ့ဆမှုမရှိစေရန် အသိပညာပေးရေး တို့ကိုဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များက ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသမှုဆိုင်ရာ ကဏ္ဍ အသီးသီးအလိုက် ဆောင်ရွက်ထားမှု အခြေအနေနှင့် ဆောင်ရွက်ပေးရန် လိုအပ်မှု အခြေအနေတို့ကို တင်ပြဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)