မင်းလှ ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးခြင်းလျာထားချက် ဧက (၇၆၁၄၁)ရှိရာ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
မိုးစပါးကို ဇူလိုင်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြရာ လျာထားချက်ပြည့်မှီအောင်စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကမျိုးစေ့ချ ကရိယာဖြင့် စိုက်ပျိုးကူညီပေးခြင်းနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးကူညီပေးခဲ့ကြောင်း၊ စပါးမျိုးများမှာ ရတနာတိုးစပါး(၄၅၄၅)ဧက၊ ဆင်းသုခစပါး (၅၈၁၁၈)ဧက၊ ချမ်းမြေ့မေစပါး (၁၅၈၀)ဧက၊ GW-11 စပါး(၄၈၁၆)ဧက၊ ကရင်မစပါးမျိုး (၆၄၄၉)ဧက၊ မှော်ဘီ- ၃(၆၃၃)ဧကတို့ဖြစ်ကြောင်း သိရသည်။
မိုးစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀) ကျော်အထွက်နှုန်းရရှိစေရန်အတွက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများဖြင့် ကူညီပေးလျက်ရှိကြောင်း၊ အဆိုပါစပါးများကို အောက်တိုဘာလတွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)