မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မုဒုံ ဇူလိုင် ၂၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်  မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက

ငလျင်ဒဏ်ကြောင့်  ပြိုကျပျက်စီး၍  ပိတ်မိနေသောလူနာများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြုကာ ရှာဖွေကယ်ဆယ်ခြင်း၊ Ladder  Crane  Method အသုံးပြု၍  အထပ်မြင့်တိုက်ရှိ  ပိတ်မိနေသော လူနာအားကယ်ဆယ်နည်း၊ အထပ်မြင့် ကြိုးတက် ကြိုးဆင်းနည်း၊ လူနာအား ရှေးဦးပြုစုခြင်းနည်းများဖြင့် အသက်ကယ်ခြင်းတို့ကို သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊မုန်တိုင်းဘေး၊ ငလျင်ဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံပြန်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဖုန်းမြင့်အေးထံမှ သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)