ဟားခါး ဇူလိုင် ၂၇
ချင်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ဟားခါးမြို့နယ်၊ နယ်နိမိတ် (၂၈၀၉၆) ဧက အတွင်းမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၂၄၈၄၄ ဒသမ ၄၈ ဧကအား မြို့မြေအဖြစ် တိုးချဲ့ သတ်မှတ်နိုင်ရေး လျှောက်ထားခြင်းနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆွေးနွေး နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဟားခါးမြို့တွင် လူဦးရေ (၃၀၀၀၀) ခန့်၊ အိမ်ခြေ (၆၀၀၀) ခန့်ရှိပြီး ဟားခါးမြို့တွင်း လူနေထိုင်သော ဧရိယာမှာ ခန့်မှန်း (၄၀၀၀) ဧကခန့် အထိ လူနေအိမ်ဆောက်လုပ်လျက်ရှိ၍ လက်ရှိမြို့မြေသည် (၆၂၈) ဧကသာရှိသဖြင့် ဒေသခံ ပြည်သူများအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ တရားဝင်မြေပိုင်ဆိုင်မှု အထောက်အထား များ ထုတ်ပေးနိုင်ရေး လိုအပ်လျက်ရှိကြောင်း၊ ဥပဒေနှင့်အညီ အစိုးရက စီမံခန့်ခွဲနိုင်ခွင့်ရှိသော မြို့မြေအဖြစ် တိုးချဲ့သတ်မှတ်ပြီးပါက ပြည်သူများအနေဖြင့် နှစ်တို၊ နှစ်ရှည်မြေငှားဂရန်များ လျှောက်ထားနိုင်ခြင်း၊ မြေငှားဂရန်များရရှိပြီးပါက ဥပဒေနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ပေးကမ်းခွင့်၊ လဲလှယ်ခွင့်နှင့် သားစဉ်မြေးဆက် အမွေဆက်ခံခွင့်များရရှိခြင်း၊ တရားဝင်ပိုင်ဆိုင်မှု ရရှိပြီးပါက အခြားသူများမှ လိမ်လည်ရောင်းဝယ်ခြင်းမှလည်း ကင်းဝေးနိုင်ခြင်း၊ အကြောင်းမဲ့ မြေသိမ်းဆည်းခံရခြင်းနှင့် ဖယ်ရှားခံရခြင်းမှလည်း ကင်းဝေးနိုင်ပြီး နိုင်ငံတော်မှ လိုအပ်၍ မြေသိမ်းဆည်းသည့် အခါတွင်လည်း ကာလတန်ဖိုးနှင့် လျော်ညီသည့် မြေယာလျော်ကြေး၊ နစ်နာ ကြေးများ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး အဖွဲ့ခေါင်းဆောင်သည့် (၁၁)ဦးပါ သီးခြား အဖွဲ့မှ စစ်ဆေးတွေ့ရှိသည့် အစီရင်ခံစာအပေါ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရန်အတွက် အစည်းအဝေး တက်ရောက် လာကြသည့် အဖွဲ့ဝင်များမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံစိစစ်ဆွေးနွေးပေးကြစေလို ကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်များ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က ဟားခါးမြို့ စည်ပင် သာယာရေးအဖွဲ့မှ ဟားခါးမြို့တိုးချဲ့ရန်အတွက် မြို့နယ်နိမိတ် ပြင်ဆင်ဖွဲ့စည်း ခဲ့သည့် (၂၈၀၉၆) ဧကအတွင်းမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ၂၄၈၄၄ ဒဿမ ၄၈ ဧကအား အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်လျှောက်လွှာ (ပုံစံ−၄)ဖြင့် လျှောက်ထားမှုအပေါ် ကန့်ကွက်မှုများနှင့် ပတ်သက်၍ သီးခြားအဖွဲ့ ၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီးခြားအဖွဲ့ ခေါင်းဆောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးတင်ဝင်း၊ ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟောင်းလွမ်း၊ တောင်သူ လယ်သမားရေးရာ လူမှုအဖွဲ့အစည်းကိုယ်စားလှယ် ဒေါက်တာ မိုးဆက်ထလာကျုံးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အဆိုပြု အဆင့် မှာရှိသေးသည့် ရုန်းတောင်သစ်တော ထိန်းသိမ်းရေးဧရိယာနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ပြည်နယ်မြေစာရင်း ဦးစီးမှူးပါ အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း၍ ပြန်လည်စိစစ် တင်ပြရန်လိုကြောင်း အကြံပြုဖြည့်စွက်ဆွေးနွေး သည်။
ယင်းနောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း (၈၄၈၁) ဧကအား ဟားခါးမြို့မြေတိုးချဲ့ဧရိယာအဖြစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရန် အတည်ပြုဆုံးဖြတ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)