ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာ သာသနာဇောတိက ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣဿရိယ၏ အန္တိမစျာပန အခမ်းအနားကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာအုပ်စု၊ အင်းဒူးကျေးရွာ၊ သာသနာ ဇောတိကကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣသရိယ သက်တော်(၉၂)နှစ်၊ သိက္ခာတော်(၇၂)ဝါ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိစျာပန သာဓုဏီဠနပူဇာသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အနိစ္စာဝတစသော သံဝေဂ(၃)ဂါထာဖြင့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များနှင့် တက်ရောက် ကြည်ညိုလာသူများက အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဆရာတော်၏ တစ်ဘဝသာသနာထေရုပတ္တိကထာကို ဖတ်ကြားပူဇော်ခြင်း၊ ဝန်ချကန်တော့လွှာကို တပည့်၊ သံဃာ၊ ဒါယကာ၊ ဒါယိကာမများက ရွတ်ဖတ်ပူဇော်ခဲ့ပြီး ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား လောင်တိုက်ပြဿဒ်ပေါ်သို့ မြို့နယ်သံဃာ့ ဝန်ဆောင် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများက ပင့်ဆောင် ပူဇော်ခဲ့ကြောင်း သိရသည်။

အေဇာလင်း

မြို့နယ်(ပြန်/ဆက်)