ညောင်တုန်း ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှုပညာပေးခြင်းနှင့် ကစားနည်းပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်က အမှိုက်စွန့်ပစ်မှုပညာပေး ဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိုက်နာမှတ်သား၍ ကိုယ်တိုင်လည်းကျင့်သုံး မိမိတို့မိသားစုကိုပါ အသိပညာမျှဝေပေးရန် လိုကြောင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးက အမှိုက်အမျိုးအစားများအကြောင်း၊ အမှိုက်များကိုစနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများအကြောင်း၊ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းခြင်း အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူးဦးအောင်နိုင်က အမှိုက်အမျိုးအစားအလိုက် စနစ်တကျ စွန့်ပစ်နည်း၊ ပလပ်စတစ် အမှိုက်လျော့ချသည့်နည်းများကို ဟောပြောကာ တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို အားကစားပြိုင်ပွဲနှင့် မေးခွန်းများပြန်လည် မေးမြန်း၍ အဖြေမှန်သူများအား ဆုလက်ဆောင်များပေးအပ်ခဲ့ပြီး မြို့မအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)