ကျုံပျော် ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကာအမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းပြိုင်ပွဲကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဇူလိုင် ၂၆ ရက်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် ပညာရေးမှူးဆရာကြီး ဦးအုန်းကျော်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ငယ်စဉ်မှစ၍ စည်းကမ်းတကျ နေထိုင်တတ်ရန်လိုအပ်ကြောင်း၊ မိမိကျောင်းတွင် သာမက၊ နေထိုင်ရာ ပတ်ဝန်းကျင်တွင်လည်း စည်းကမ်းတကျ နေထိုင်ခြင်းဖြင့် တိုင်းပြည်နိုင်ငံအကျိုးကို ကောင်းစွာသယ်ပိုးနိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်စန္ဒာအေးက အမှိုက်ခွဲခြား စွန့်ပစ်ခြင်းနှင့် ပတ်သက်သည့်အကြောင်း အရာများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က အမှိုက်သိမ်းဆည်းရေး ဆောင်ရွက်ပေးနေမှုများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်အလိုက် ခွဲခြားကာ သန့်ရှင်းမှုအသိပညာပေး ဆောင်ပုဒ်များ ယှဉ်တွဲခြင်းနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်း ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်၍ ဆုရရှိကြသူများနှင့် ဝင်ရောက် ယှဉ်ပြိုင်ကြသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ရာ ကျောင်းအုပ်ဆရာကြီး ဦးသန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းဖြင့် သိရသည်။
လပြည့်ဦး(ပြန်/ဆက်)