ဖြူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များပေါက်ပွားမှုမရှိနိုင်စေရေး ကြိုတင်ကာကွယ် နှိမ်နင်းရေးဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဖြူးမြို့နယ်ရှိ ခမရ (၃၀၆)တပ်ရင်းအတွင်း တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပူးပေါင်းဆောင်ရွက်ရမည့် အသိပညာပေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ပေါက်ပွားမှုများပြီး သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါများပါ ဖြစ်ပွားနိုင်၍ အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်ရေးအတွက် အဆိုပါတပ်ရင်းအတွင်းရှိ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း။ သုံးရေအိုးစသည်များတွင် ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ခြင်ဆေးဖြန်းခြင်းနှင့် ခြင်ပေါက်ပွားမှုမရှိစေရေး မိုးရေတင်ကျန် နိုင်သည့်ဖော့/ ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအတွင်းတွင် ရေတာရှည်စွာ မတင်နိုင်စေရေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခဲ့ကြောင်း ဖြူးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီးဒေါက်တာ အာကာထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)