တာချီလိတ် ဇူလိုင် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်း ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တာကြန့်စံပြကျေးရွာ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ဝါးဖြင့် Tissue Box ၊ မီးအိမ်၊ ဖုန်းတင်ခုံ၊ သစ်သီးထည့်ခြင်း၊ ဘောလ်ပင်ထည့်ခြင်း၊ ဓာတ်ပုံဘောင်၊ စာအုပ်ဖတ်စင်၊ ပန်းခြင်း၊ သစ်သီးထည့်ဗန်း၊ စားပွဲ၊ ကုလားထိုင်၊ တိုင်ကပ်နာရီ၊ စကော၊ ခမောက် စသည့် လက်မှုထည် (၁၃)မျိုးထုတ်လုပ်ခြင်း၊ ဝါးကိုနှစ်ပေါင်းကြာရှည်စွာ အသုံးပြုနိုင်ရန် ဝါးပေါင်းနည်းများနှင့် ဝါးကိုဆေးရောင်ဆိုးခြင်းတို့ကို လက်တွေ့သင်ကြားပေးလျက်ရှိရာ သင်တန်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြိုးစားသင်ယူ လျက်ရှိကြသည်။
“ကျွန်တော်တို့ဒေသမှာ ဝါးကို ခြံကာ၊ အိမ်ဆောက်လောက်ပဲ အသုံးပြုခဲ့ကြတာ။ အခု ဝါးကနေ အသုံး အဆောင်ပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် လာရောက်သင်ကြားပေးလို့ ဝမ်းသာနေတာ။ အသက်အရွယ်မရွေး လုပ်လို့ရသလို ထုတ်လုပ်တဲ့ပစ္စည်းတွေကို အိမ်မှာလည်း သုံးလို့ရတယ်၊ သူများကိုလည်း ရောင်းပေးလို့ရတော့ မိသားစု အတွက်တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရတာပေါ့။ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဈေးကွက်နဲ့လည်း ချိတ်ဆက်ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားတဲ့အတွက် စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး ကြိုးစားသင်ယူနေပါတယ်” ဟု သင်တန်းသား ဦးစိုင်းအောင်က ပြောသည်။
အဆိုပါ သင်တန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ထိ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၀)ဦးတက်ရောက်လျက်ရှိကြောင်း၊ သင်တန်းတွင် ထူးချွန်သည့် သင်တန်းသား (၅) ဦးကို ဝါးအခြေခံလက်မှုထည်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် လက်သုံးကိရိယာ (၁၂)မျိုးကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းဇော်(ပြန်/ဆက်)