ငပုတော ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဆေးများအား ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၁၁)နာရီအချိန်မှစတင်၍ တတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ရေငံ- သရက်ကုန်းကျေးရွာရှိ အေးမြကန်သာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟင်းအိုးချောင်းကျေးရွာအုပ်ချုပ်ရေးမှူး မန်းကျော်သက်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးမှူး ဒေါ်အေးအေးမွန်နှင့်၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် လိုအပ်သည်များကို ဟင်းအိုးချောင်းကျေးရွာရှိ ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် (COVISHIELD) အမျိုးအစားဖြစ်ပြီး ဆေး(၁)လုံးလျှင် (၁၁)ဦးထိုးနှံပေးရပြီး ဆေးအလုံးရေ(၂၀)လုံးအား အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြားရှိ ကျေးလက်နေပြည်သူ စုစုပေါင်း လူဦးရေ (၂၂၀) ဦးအား တတိယအကြိမ် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။ ငပုတောမြို့နယ်သည် ရေလမ်းတစ်ခုထဲကိုသာ အားထား၍ သွားလာရသော ဒေသဖြစ်ခြင်းကြောင့် ဆေးထိုးရန်ကျန်ရှိနေသည့် ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရရှိသည်နှင့်တစ်ပြိုင်တည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ သိရှိရသည်။
အောင်သူ (ပြန်/ဆက်)