ကျိုက်လတ်မြို့နယ် သမဝါယမအသင်းစုလီမိတက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ရွေးချယ်ပွဲအခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သမဝါယမအသင်းစု လီမိတက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ပွဲအခမ်းအနားကို ကျိုက်လတ်မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား ပထမပိုင်းတွင် သဘာပတိအဖြစ် ကျိုက်လတ်မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသောင်းရွှေက အမှာစကားပြောကြား၍ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်း များကို ဖတ်ကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အသစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ခွဲဝေပေးအပ်၍ အမှုဆောင်အသစ်များက ကတိသစ္စာ ခံယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်တို့မှ တာဝန်ရှိသူများ၊ ကျိုက်လတ်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်ဒါရိုက်တာ နှင့် ဝန်ထမ်းများ၊ အသင်းဝင်အခြေခံ သမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ရီရီမြင့်