လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင် ချေးငွေထုတ်ချေး

လေးမျက်နှာ ဇူလိုင် ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းရွာကျေးရွာအုပ်စု ရှမ်းရွာကျေးရွာတွင် ယနေ့ နေ့လည်ပိုင်း၌ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို ရှမ်းရွာကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန် စီမံကိန်းများရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ချေးငွေ ထုတ်ချေးသည့် စီမံကိန်းလုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ရာ စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အဆိုပါ ကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူ စုစုပေါင်း (၂၂၂)ဦးအား စတုတ္ထအကြိမ်အဖြစ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၅၅)သိန်းနှစ်သောင်းကို နေ့ချင်းပြီး ထုတ်ချေးပေးခဲ့သည်။

အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)