ရခိုင်ပြည်နယ် မောင်တောမြို့ အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

မောင်တော ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အခြေခံပညာကျောင်းများ၌  ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းရုံးမှ  ခရိုင်ဦးစီးမှူး  ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား/သူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများ ကိုယ်တိုင်သိရှိ နားလည်နိုင်ရေး၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက  လေဘေး၊ မုန်တိုင်းဘေး၊ ရေကြီးမှု၊ မိုးကြိုးအန္တရာယ်များ စသည့်တို့ကို အသိပညာပေး Video ဖိုင်များအားပြသခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခဲ့သည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသ အခြေအနေအား ပြည်သူ့များထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးသူနာ ပြုစုနည်းများ၊ ကြိုးချည်နည်းစနစ်များ၊ လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများ၊ စသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး  အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။    

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ  စုစုပေါင်း ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)