မုံရွာစီးပွားရေးတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

မုံရွာ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာစီပွား‌ရေးတက္ကသိုလ်တို့ ပူးပေါင်းပြီး မုံရွာစီးပွားရေးတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မုံရွာစီပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ FDA က တာဝန်ရှိသူများ၊ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကြိုင်ကြိုင်သက်နှင့် ဆရာဆရာမများ၊ သင်တန်းသူသင်တန်းသားများ စုစုပေါင်း၄၅၀ ဦးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကြိုင်ကြိုင်သက်က " မုံရွာစီးပွားရေးတက္ကသိုလ်အနေနဲ့ကျောင်းသားကျောင်းသူများကို ပညာရပ်များကို အဆင့်မီစွာ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ အခုခေတ်မှာ OnlineLearning များနဲ့လေ့လာသင်ယူနေကြတာ  ကောင်းကျိုးများရှိပေမယ့် ယခုလို အသိပညာပေးဟောပြော ဆွေးနွေးပွဲများကတော့ တက္ကသိုလ်ကျောင်းများမှာသာ တွေ့ကြုံရမယ့် အတွေ့အကြုံကောင်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တက်ရောက်လာသူများက  တန်ဖိုးထားပြီး အလေးအနက်ထားနားထောင်ဖို့နဲ့ သိလိုတာများ ပြန်လည် ဆွေးနွေးလိုတာများရှိရင် ဟောပြောသူများ ရှင်းလင်းဆွေးနွေးပြီးတဲ့နောက်မှာ မေးမြန်းဆွေးနွေးပေးပါလို့ အသိပေးလိုပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဘေးအန္တရာယ်ရှိတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲမိလို့ ဘေးဥပါဒ်ဖြစ်ခဲ့တာမျိုး စိတ်ကျေနပ်မှုမရှိ တာမျိုးဖြစ်ခဲ့ရင် ရဲစခန်းတိုင်တာ၊ တရားစွဲတာတွေလဲ မလုပ်ဖြစ်တော့  ခံနေခဲ့ရတာကို   အခုဆိုရင် စားသုံးသူရေးရာဦးစီးဌာနက တိုင်ကြားလို့ရတယ် ဖြေရှင်းပေးနေတယ် ဆိုတာသိရတော့ ဝမ်းသာမိပါတယ်။ စားသုံးသူရေးရာဦးစီးဌာနက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်က ဌာနတစ်ခုဖြစ်တဲ့အတွက် ကုန်သွယ်ရေးအတွက် အဓိကအရေးကြီးတဲ့ ဌာနဖြစ်တော့ ဗဟုသုတလည်းများစွာ  ရရှိမှာဖြစ်ပါတယ်။ ဘေးအန္တရာယ်ရှိတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲမိလို့  ဘေးဥပါဒ်ဖြစ်ခဲ့တာမျိုး စိတ်ကျေနပ်မှုမရှိတာမျိုးဖြစ်ခဲ့ရင်  ရဲစခန်းတိုင်တာ၊ တရားစွဲတာတွေလဲ  မလုပ်ဖြစ်တော့ ခံနေခဲ့ရတာကို အခုဆိုရင် စားသုံးသူရေးရာဦးစီးဌာနက တိုင်ကြားလို့ရတယ် ဖြေရှင်းပေးနေတယ် ဆိုတာသိရတော့ ဝမ်းသာမိပါတယ်။ စားသုံးသူရေးရာဦးစီးဌာနက စီးပွား/ကူးသန်းဝန်ကြီးဌာနအောက်က ဌာနတစ်ခုဖြစ်တဲ့အတွက် စီးပွား/ကူးသန်းဆိုတာ ကုန်သွယ်ရေးအတွက် အဓိကအရေးကြီးတဲ့ဌာနဖြစ်တော့ ဗဟုသုတလည်းများစွာ ရရှိမှာဖြစ်တယ်။ မိမိအတွက်ရော မိမိပတ်ဝန်းကျင်ကောင်းကျိုးအတွက်ပါ အသုံးချနိုင်စေမယ့် အသိပညာဗဟုသုတများကို သေချာမှတ်သားလိုက်နာဆောင်ရွက်ပါ " ဟု တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးများကို  အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က “စားသုံးသူနစ်နာမှုများအား ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း"ကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန မှ ဒုကြီးကြပ်ရေးမှူး ဒေါ်မေဇင်က  “ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးအကြောင်း သိကောင်းစရာတို့ကိုလည်း‌ကောင်း  အသီးသီးရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမေက္ခချုပ် ဒေါ်ခိုင်မာလှိုင်က စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပေးသူ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေမှ စားသုံးသူများ၏ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများ ကြုံလာရပါက တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၇၁-၂၁၀၂၀၊ ၀၇၁-၂၁၁၅၉သို့ ဖြစ်စေ၊ Online မှ တစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center 1535(MPT-09-765481535သို့ မေးမြန်းတိုင်ကြားနိုင်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသော စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူအခွင့်အရေးဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းများပါသော  အသိပညာပေး လက်ကမ်းစာစောင် (၄၅၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)