ကျောက်ဖြူ ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် (၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါ ခိုလှုံရာစခန်းသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ IDPs စခန်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ရာတွင် ၎င်း စခန်းမှ ဆရာ၊ ဆရာမများနှင့် Volunteer စေတနာ့ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိသူများသာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ယင်းသို့ ကျောက်တစ်လုံး ခိုလှုံရာစခန်းအတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးခြင်း ဖြစ်သည်။ ထို့အပြင် ယနေ့တွင် ငလပွေ့ အလကကျောင်းနှင့် အောက်ရွာ အမက ကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း အဆိုပါကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)