ကျုံပျော် ဇူလိုင် ၂၆
ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ကျုံပျော်မြို့ ခဲဘောင်ကူးတို့ဆိပ်၊ ဒါးကချောင်းရေပြင်နှင့် အနီးဝန်းကျင်၌ ဇူလိုင် ၂၅ ရက်နေ့က ကျင်းပပြုလုပ်သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်အောင်ဘွင့်နှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ နာရေး ကူညီမှုအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေးအတွက် ရေပြင်ရှာဖွေ ကယ်ဆယ်ခြင်းလုပ်ငန်း အဆင့်ဆင့်ကို လူနှင့် အသက်ကယ်ပစ္စည်းများ အသုံးပြု၍ ဇာတ်တိုက် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။
ကျုံပျော်မြို့နယ်အနေဖြင့် မြစ်ဝကျွန်းပေါ် ဒေသဖြစ်သဖြင့် မိုးတွင်းကာလတွင် လေပြင်းတိုက်ခတ်သည့် ဘေးအန္တရာယ်နှင့် မိုးသည်းထန်စွာ ရွာသွန်းလျှင် ရေကြီးနစ်မြုပ်သည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လေ့ရှိသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရလေ့ ရှိကြောင်း၊ ယခုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထားခြင်းဖြင့် အချိန်တိုအတွင်း ထိရောက်သည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ကြောင်း သိရ သည်။
လပြည့်ဦး(ပြန်/ဆက်)