တောင်ငူ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ဆီလုပ်ငန်းရှင်များ အသင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးကို ယနေ့ နံနက်ပိုင်းက စျေးလမ်းရှိ စားသုံးဆီအရောင်းဆိုင်ပွဲရုံများက အမြတ်ငွေ ၂ ရာခိုင်နှုန်းထက် မပိုသောနှုန်းထားဖြင့် ရောင်းချပေးသည်။
ထိုသို့ရောင်းချပေးရာ တောင်ငူမြို့အတွင်း ပြည်သူများ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် စားသုံးဆီအရောင်းဆိုင်များမှ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီ နှစ်ပိဿာနှုန်း၊ တစ်ပိဿာလျှင် ငွေကျပ် (၅၄၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဝယ်စားရတဲ့ စားသုံးဆီက တခြားနေရာမှာဆိုရင် ၆၅၀၀ ကျပ်မှ ၆၈၀၀ အထိ စျေးနှုန်းမြင့်မားစွာနဲ့ ဝယ်ယူနေရပါတယ်။ အခုလို တစ်ပိဿာကို ၅၄၀၀ ကျပ်နှုန်းနဲ့ စျေးနှုန်းသက်သာစွာ ရောင်းချပေးသည့်အတွက် ကျေးဇူးတင်ကျေနပ် ဝမ်းသာမိကြောင်း” ဆီဝယ်ယူသူ ဒေသခံတစ်ဦးမှ ပြောကြားသည်။
တောင်ငူမြို့နယ်အတွင်း စားသုံးဆီစျေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စားသုံးဆီအရောင်းဆိုင်မှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)