မအီ ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မအီမြို့မှ တောင်ပေါ်ခရီး ၁၆ မိုင် ကွာဝေးသည့် မအီချောင်းဖျားရှိ လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ မူလတန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ကွင်းဆင်းထိုးနှံခဲ့ရာတွင် ပြည်သူအခြေပြုအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုး အကြိမ်ရေ မပြည့်မီသေးသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covidshield/ Covexin နှင့် Booster အပိုဆောင်း ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး အခြားကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ဗီတာမင်အေ၊ ကိုယ်ဝန်ဆောင်ကာကွယ်ဆေး၊ သံချဆေး၊ ၅ နှစ်အောက်ကလေး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၂ နှစ်အောက်ကလေး ပုံမှန်ကာကွယ်ဆေးတို့ကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဖြည့်စွက်စောင့်ရှောက်ပေးခဲ့ကြသည်။
အဆိုပါ ခြေတော်ရာကျေးရွာမှာ ချင်းတိုင်းရင်သားများနေထိုင်ပြီး ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ရွာကလေးဖြစ်ကြောင်း၊ အိမ်ခြေ(၅၇)အိမ်နှင့် လူဦးရေ ၂၀၀၀ ကျော်ခန့် နေထိုင်ကြကြောင်းကို ကာကွယ်ဆေးထိုးအဖွဲ့နှင့် လိုက်ပါကူညီဆောင်ရွက်သူ လက်ပံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းတင်က ပြောကြားသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ၊ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ဖော်ပြပါ ကာကွယ်ဆေးထိုးနှံရာ၌ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသား (၅၄)ဦးနှင့် ပြည်သူအခြေပြုအနေဖြင့် (၃၃)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့သည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို အလားတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)